
.
အပိုင်း (၃)
အောက်က
စာသားလေးတွေကတော့ – လောကကြီးမှာ
ဆန္ဒပြင်းပြတိုင်း/ရည်မှန်းချက်ထားတိုင်း/လိုချင်စိတ် ရှိတိုင်းလည်း
မရတတ်ပုံနဲ့ မလိုချင်တာမှ ဖြစ်တတ်ပုံ လေးတွေပါ။ ကိုယ့်ရဲ့
အတွေ့အကြုံတွေထဲမှာလည်း ရှိတတ်ကြ ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း
ရှိတတ်ပါတယ်။ ဖတ်ကြည့်ကြရအောင်လားဗျာ။
.
ဒုက္ကရစရိယာ (၆)နှစ်ကြာ
ဗုဒ္ဓဘုရားရှင်သည်
ဘုရားဖြစ်ရန် (၆)နှစ်လုံးလုံး အလွန်ပင်ပန်းဆင်းရဲသော “ဒုက္ကရစရိယာ”
အကျင့်ကို ကျင့်သော်လည်း ဘုရား မဖြစ်။ ထိုသို့ ပြင်းထန်စွာ အားထုတ်ခြင်းကို
စွန့်လွှတ်လိုက်ပြီး “မဇ္ဈိမ ပဋိပဒါ” အကျင့်ကို ပြန်လျှော့ချလိုက်မှ ဘုရား
အဖြစ်သို့ ရောက်လေတော့သည်။ (လိုချင်လွန်းအားကြီးလေ ရည်မှန်းချက်နဲ့
ဝေးကွာလေ ဖြစ်တတ်ပါတယ်)
အနားယူမှ ချက်ခြင်းရ
ဗုဒ္ဓဘုရားရှင်၏
ညီတော် အရှင်အာနန္ဒာသည် “ပထမအကြိမ် သင်္ဂါယနာ” တင်ပွဲ၌ သူတစ်ပါးတည်းသာ
“ရဟန္တာ” မဖြစ်သေးခြင်းကြောင့် ညဉ့်(၃)ယံလုံး မအိပ်စက်ဘဲ တရားကျင့်သော်လည်း
မရဘဲရှိနေ၍ လက်လျော့လိုက်ပြီး ခေတ္တ အနားယူရန် အိပ်ယာပေါ်သို့
လှဲချလိုက်သောအခါမှ “ရဟန္တာ” အဖြစ်သို့ ရောက်ရှိသွားသည်။ (အလုပ်စွဲသမားများ
အနားယူရန် လိုပါတယ်)
ကုန်သည်မဖြစ် မင်းလောင်းဖြစ်
မဟာဇနက္ကမင်းသား
သည် ချမ်းသာကြွယ်ဝလိုသောကြောင့် သမုဒ္ဒရာကို ဖြတ်၍ ကုန်ကူးရာတွင်
မအောင်မြင်ဘဲ သင်္ဘောမှောက်၍ ဒုက္ခတွေ့ရသည်။ မဏိမေခလာ နတ်သမီးကယ်မမှုကြောင့်
ကျောက်ဖျာထက်တွင် အိပ်စက်နေရာ “ဖုတ်သွင်း” ရထားဆိုက်လာပြီး “မင်း”
ဖြစ်ရသည်”။ (ကြံရွယ်တာတခြား ဖြစ်တာတခြား)
လုံးဝလွှင့်ကာ ပစ်လိုက်ပါ
ရှေးခေတ်
ပုဂံရာဇ၀င်တွင် ရှင်မထီး “ရှင်အဇ္ဇဂေါဏ” သည် နှစ်ပေါင်းများစွာ ထိုးလာသော
သူ့ဓာတ်လုံး မအောင်မြင် သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထိုဓာတ်လုံးကို
“အိမ်သာ”ထဲသို့ လွှင်ပစ်လိုက်ခါမှ (လိုအပ်သောဓာတ်တစ်ခု ပြည့်စုံသွားပြီး)
ဓာတ်လုံးအောင် သွားရဘူးလေသည်။ (တစ်သက်လုံး လုပ်လာခဲ့တဲ့ အလုပ်ကို
မကောင်းမှန်းသိပြီး စွန့်ပစ်လိုက်တာလည်း အကျိုး ထူးတတ်ပါတယ်)
ညားခါစများ သတိထား
သားသမီး
ယူကြမည့် အိမ်ထောင်သည်များ ဖြစ်တတ်ပုံက သားယောင်္ကျားလေး အရမ်းလိုချင်လျှင်
သမီးမိန်းကလေး မွေးတတ်သည်။ သမီးမိန်းကလေး အရမ်းလိုချင်လျှင် သားယောင်္ကျားလေး
မွေးတတ်သည်။
ဖြစ်တတ်ပေသည် သီအိုရီ
အိမ်ထောင်အရမ်းကျလိုသော မိန်းမများ အပျိုကြီး ဖြစ်လေ့ရှိသည်။ (အပျိုကြီး အားလုံးတော့မဆိုလိုပါ . . )
လိုချင်လွန်းက ဆုံးရှုံးရ
ယောင်္ကျား၏
ချစ်ခင်ယုယမှု၊ သစ္စာရှိမှုကို အလွန်အမင်းလိုချင်သော မိန်းမများ
အိမ်ထောင်ရေးအဆင်မပြေမှု ပိုတွေ့ တတ်ကြသည်။ ချင်ခင်ကြင်နာခံရမှု
ဆုံးရှုံးတတ်သည်။
မမျှော်မှန်းသူ ဆု,ကြီးယူ
ထီဆုကြီး
ပေါက်သူအတော်များများသည် မိမိတို့ ထီထိုးထားသည်ကိုပင် မေ့လျော့နေတတ်ကြပြီး
ထီဆိုင်မှ အကြောင်းကြားမှ ပေါက်မှန်းသိရသူများသည်။ (ထီဖွင့်သည့်နေ့တွင်
ထီလက်မှတ်တကိုင်ကိုင်နှင့် ထီတိုက်ရန် တပြင်ပြင် လုပ်နေသူများ ထီ,
ပေါက်ခဲလှသည်)
ကျောင်းသားတွေမှာ ဖြစ်တတ်တာ
ကျောင်းသားများ
စာမေးပွဲများတွင် မိမိတို့ အထင်ဆုံး ဘာသာရပ်များမှ ဂုဏ်ထူးမထွက်ဘဲ မထင်သော
ဘာသာမှ ဂုဏ်ထူးထွက်ခြင်းမျိုး မကြာခဏ ကြုံဖူးလိမ့်မည်။
တက်ကြွလွန်းလေ ရှုံးတတ်ပေ
မှတ်မိသေးသည်။
အဆောင်ကျောင်းသားဘ၀က “အဆောင် ဖဲဝိုင်းများ” လုပ်လျှင် – စိတ်ဓာတ်တက်ကြွစွာ
စတင် ဆော်သြ စည်းရုံးသူသည် အမြဲ ရှုံးလေ့ရှိပြီး “လူမပြည့်သောကြောင့်”
စိတ်မပါ့တပါ့ဖြင့် ၀င်ကစားသူများ နိုင်လေ့ရှိတတ်သည်။
အောကွက်မပေါက်၊ ရံကွက်ပေါက်
ချဲထီ၊
နှစ်လုံးထီ ကစားသူများ သတိထားမိလိမ့်မည်။ ပေါက်လျှင် “အောထိုးသော” အကွက်မှ
ပေါက်ခဲလှပြီး “ရံထိုးသော” အကွက်များမှသာ ပေါက်လေ့ရှိသည်။ ထို့ပြင်
တစ်နိုင်ငံလုံး “ဟော့” နေသောဂဏန်း မည်သည့်အခါမှ မပေါက်။
အိမ်ကိုမပြန် ခွက်ခွက်လန်
လောင်းကစားပွဲများတွင်
အကြီးအကျယ် အနိုင်ရနေချိန်တွင် “ထ,မပြန်ဘဲ” ဆက်ပြီး လောဘကြီးစွာ
ကစားသူများသည် နောက်ဆုံးတွင် တစ်ပြားမကျန်အောင် ရှုံးလေ့ရှိသည်။
(ဘ၀လောင်းကစားပွဲကလည်း ဒီလိုပါဘဲ၊ နိုင်တဲ့အခါမှာ အနိုင်
ပိုင်းတတ်ဖို့လိုပါတယ်၊ လောဘကို အတောမသတ် နိုင်ရင်တော့ နောက်ဆုံး
ခွက်ခွက်လန်အောင် ရှုံးခါပြီးခါမှ နောင်တ ရရပါ လိမ့်မယ်)
တွက်ရေးကတော့ စက်သူဌေး
ကျွန်ုပ်
စီးပွားရေးသမားဘ၀က အလုပ် မစ, ရသေးခင် ဘယ်လောက်မြတ်မလဲ? လို့
အရင်ချတွက်ကြည့်သော လုပ်ငန်းဟူသရွေ့ မည်သည့် အခါမှ မအောင်မြင်ဘူးပါ။
မမြတ်စွန်းဘူးပါ။ (သူများတွေကို လေ့လာကြည့်တော့လည်း ဒီလိုပါဘဲ)
ပေါ်ပင်လုပ်ငန်း ဆင်းရဲလမ်း
အလုပ်တစ်ခုကို
စိုက်လိုက်မတ်တတ် မလုပ်ချင်ဘဲ ပေါ်ပင်စီးပွားရေးများ နောက်ကို
လိုက်နေသူများ ဟာ ချမ်းသာမှုကြွယ်ဝမှုနဲ့ ကြာလေ ဝေးလေ ဖြစ်နေကြသူများ
ဖြစ်ပါတယ်။ (အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်ဖို့ လိုပါတယ်)
ဝိုင်းအုံလုယက် ဈေးကွက်ပျက်
စီးပွားရေးဈေးကွက်တစ်ခု
အလွန်ခေတ်စားလာပြီး လူအများစုပြုံတိုးဝှေ့လုပ်ကိုင်ကြသည်ဆိုလျှင် မကြာမှီ
ထိုဈေးကွက် ပျက်လေတော့သည်။ (ကား,ကား ဆိုလျှင် ကား, လိုက်ကြသူများ၊ ပဲ,ပဲ
ဆိုလျှင် ပဲ, လိုက်ကြသူများ သတိပြုဖွယ်)
ခေါင်းစီးတွေဟာ မပေါက်ပါ
သီချင်းစီးရီးသစ်တစ်ခု
အောင်မြင်လာလျှင် သတိထားကြည့်ပါ။ စီးရီး “ခေါင်းစီးတပ်ထားသော သီချင်း” သည်
“ပေါက်ခဲ” လှပြီး ခေါင်းစီး မဟုတ်သော စီးရီးအတွင်းမှ သီချင်းတစ်ခုခုကသာ
“ပေါက်လေ့” ရှိသည်က ပိုများသည်။
အလုပ်ပြုတ်တာ ဒါ့ကြောင့်ပါ
မိမိ၏ လက်ရှိအလုပ်ထက် လစာပိုကောင်းမည့် အလုပ်တစ်ခုကို အမြဲမျှော်လင့် တမ်းတနေသူများသည် “မကြာခဏ အလုပ်ပြုတ်လေ့” ရှိသူများ ဖြစ်ကြသည်။
လစာမေးလျှင် မလိုချင်
စီးပွားရေး
လုပ်ငန်းရှင်အတော်များများသည် ၀န်ထမ်းခေါ်ရာတွင် အလုပ်ကို အရင်မစုံစမ်းဘဲ
“လစာကို အရင် မေးမြန်းသော သူများအား” အလုပ်ခန့် လေ့မရှိကြပါ။
(အလုပ်ရှာနေသူများ သတိပြုဖွယ်)
နိုင်ချင်လေလေ ရှုံးလေလေ
အားကစားသမားတစ်ယောက်သည်
လုံးဝ အနိုင်ရ , ရမည်ဟု စိတ်အားထက်သန်မှု ထားလွန်းလျှင် စိတ်လှုပ်ရှား၍
အမှားများစွာ လုပ်မိပြီး အရှုံးနှင့် ရင်ဆိုင်ရလေ့ရှိသည်။
မြင့်မြင့်ခိုင်လည်း ဒီလိုဘဲ
အကယ်ဒမီ
ဒေါ်မြင့်မြင့်ခိုင် တစ်ခါက ပြောဘူးသည်။ ငယ်စဉ်အခါက သူနှင့် ခေတ်ပြိုင်
မင်းသမီးများ တစ်ယောက်ပြီး တစ်ယောက် အကယ်ဒမီဆုများ ရရှိကုန်ကြသောအခါ သူလည်း
အလွန်လိုချင်လှ၍ အရမ်းကြိုးစားခဲ့ကြောင်း။ သို့သော် မရခဲ့ကြောင်း။
နောက်ဆုံး အသက်အရွယ်ရလာ၍ စိတ်လျှော့ပြီး လူကြီးခန်း သရုပ်ဆောင်ချိန်ကျမှ
အကယ်ဒမီ ရလာကြောင်း ပြောဖူးသည်။ (လိုချင်အဆုံးအချိန်တွင် မရဘဲ
စိတ်လျှော့လိုက်မှ ရတတ်ပုံ)
ဖြစ်ရလေတယ် ကိုဦး ရယ်
မှတ်မိသေးသည်။
အကယ်ဒမီရုပ်ရှင်မင်းသားကြီး “၀င်းဦး” သည် တစ်ခါက သူ့မိတ်ဆွေ ဆရာနတ်နွယ်
(ဟုထင်ပါသည်) ကို ပြောဘူးသည်။ သူသည် ရောဂါများတွင် “ကင်ဆာ”ရောဂါကို
အကြောက်ဆုံးဖြစ်ပြီး ကင်ဆာအမျိုး အစားများ တွင်လည်း “အူမကြီးကင်ဆာကို
အကြောက်ဆုံး” ဖြစ်သည်ဟူ၏။ (ကွယ်လွန်သောအခါ သူအလွန် ကြောက်သော အူမကြီး
ကင်ဆာနှင့်ပင် ကွယ်လွန်သွားရရှာသည်)
.
ဒါတွေကတော့
လောကကြီးမှာ လိုချင်ရချင်တိုင်း/ဆန္ဒပြင်းတိုင်း မဖြစ်တတ်ပုံ ၊ အလိုဆန္ဒကို
လျှော့ချလိုက်မှ ဖြစ်လာ တတ်ပုံ တွေပါ။ ဖြစ်ချင်တာလည်း မဖြစ်ရ၊
မဖြစ်ချင်တာမှ ဖြစ်ရတတ်တဲ့ ဘ၀သင်္ခန်းစာလေးတွေပါ။ ရေးမယ်ဆိုရင် အများ
ကြီးရှိပါသေးတယ်။ စာမျက်နှာတွေ သိပ်များသွားမှာမို့ ဒီလောက်ဆို လုံလောက်ပြီ
ထင်ပါတယ်။
စာဖတ်သူဟာ
အသက် (၃၅) (၄၀)အရွယ်လောက် ရှိနေသူတစ်ဦးဆိုရင် ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘ၀ကို
တစ်ချက် လောက် ပြန်စောင်းငဲ့ကြည့်စမ်းပါ။ ဖြစ်ချင်တာတွေ၊
ကြိုးစားခဲ့တာတွေက ဖြစ်မလာဘဲ မဖြစ်ချင်တာတွေ ဖြစ်လာရတာ အများကြီး
ရှိပါလိမ့်မယ်။ ကိုယ်ဖြစ်ချင်တာတွေချည်း “ကွက်တိ” ဖြစ်လာခဲ့တဲ့လူဆိုလို့
တစ်ရာတစ်ယောက်၊ တစ်ထောင် တစ်ယောက် မပြောနဲ့ “လူတစ်သိန်းမှာ တစ်ယောက်”
ရှိဖို့မလွယ်ပါဘူး။ မရှိဘူးလို့ မပြောပါဘူး။ ဒီလို အတိတ်ပါရမီ အလွန်ထူး
သူမျိုးလည်း ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမယ့် အရေအတွက်တော့ အလွန့်အလွန်
နည်းလိမ့်မယ်။
ဒါကြောင့်
မရေရာလှတဲ့ အနာဂါတ်အတွက် “လောဘတို့၊ ရည်မှန်းချက်တို့၊ ပန်းတိုင်တို့”
ဆိုတဲ့ “လေးလံလှတဲ့ ၀န်ထုပ်တွေကို ပစ်ချလိုက်စမ်းပါ။ လွှတ်ချလိုက်စမ်းပါ။
“စီမံကိန်း” မရှိရဘူး မဟုတ်ပါဘူး။ “စီမံကိန်း” ဆိုတာ အကြမ်း
တော့ရေးဆွဲထားပါ။ ဒါပေမယ့် အရေးကြီးတာက ပစ္စုပ္ပန်တဲ့တဲ့မှာရှိတဲ့
“အကြောင်းတရားပါ”။ မသေချာတဲ့ အနာဂါတ် မှာရှိတဲ့ “အကျိုးတရား” မဟုတ်ပါဘူး။
ယနေ့လုပ်နေတဲ့
အလုပ်အပေါ်မှာ စိတ်မ၀င်စားဘဲ မနက်ဖြန်မှာ ရလာမယ့် အကျိုးရလဒ်ကိုသာ
မျှော်ကိုးနေသူဟာ အလွန်မိုက်မဲလှသူဖြစ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့
ဘ၀အောင်မြင်မှုမျိုး ရနိုင်မှာ မဟုတ်ပါဘူး ။ ခဏတစ်ဖြုတ် အောင်မြင်မှုမျိုး
တော့ ရချင်ရမှာပေါ့။ ထိုက်တန်တဲ့ “အကျိုးတရား” ကို လိုချင်ရင် ထိုက်တန်တဲ့
“အကြောင်းတရား” ကို ပေးကို ပေးရမယ်။
လူတွေ
စီးပွားရှာကြတဲ့နေရာမှာ ကိုယ်ပိုင်လုပ်ငန်း နဲ့ ၀န်ထမ်းလုပ်ငန်း ဆိုပြီး
(၂)မျိုးသာ ရှိပါတယ်။ ဘယ်လိုလုပ်ငန်းကို လုပ်သည်ဖြစ်စေ ကိုယ် ရယူလိုတဲ့
ငွေကြေးပမာဏနဲ့ ထိုက်တန်တဲ့ လုပ်အား၊ ၀န်ဆောင်မှု၊ ပစ္စည်း တွေကို
ပြန်ပေးရမယ့် “အကြောင်းတရား” ရှိပါတယ်။
ဒါပေမယ့်
လူတော်တော်များများဟာ (အလကားပေးဖို့မပြောနဲ့) တန်ရာတန်ကြေးကိုတောင်
ပြန်မပေးချင်ကြပါဘူး။ ၀န်ထမ်းတွေ ကြည့်လိုက်ရင်လည်း အလုပ်ရှင် လစ်ရင်
လစ်သလို အချောင်ခို မယ်၊ အသက်သာ ခိုမယ်၊ ပြီးရင် ကိုယ့်အလုပ်ရှင် ဆီကို
ပိုက်ဆံလာပေးမယ့် “ဖောက်သည်” တွေကို ရန်သူလို ဆက်ဆံကြမယ်။ မြန်မာနိုင်ငံက
စူပါမားကတ်ကြီး အတော် များများမှာ ဒီလိုကိစ္စတွေကို အများဆုံးတွေ့ရပါတယ်။
အရောင်းဝန်ထမ်း
တွေဟာ “ဖောက်သည်” တစ်ယောက် သူတို့နားကပ်လာရင်ဘဲ “ကိုယ့်ကိုယ် ဒုက္ခပေးမယ့်
လူတစ် ယောက်တော့ ရောက်လာပြီ” ဆိုတဲ့ အကြည့်နဲ့ ကြည့်တတ်ကြတယ် ။ ပြီးရင်
မချေမငံ ပြန်ပြောမယ်။ ဆိုင်မှာ လူပါးတဲ့ နေ့ဆိုရင် အလွန် ၀မ်းမြောက်ဝမ်းသာ
ရှိမယ်။ (ဒါပေမယ့် အရောင်းပါးလွန်းလို့ ဆိုင်ပြုတ်သွားရင် သူတို့လည်း
အလုပ်ပြုတ် သွားမယ်ဆိုတာကို မစဉ်းစားမိကြဘူး)
ကိုယ်ပိုင်လုပ်ငန်းသမားတွေလည်း
ဒီလိုပါဘဲ။ ကိုယ့်ဖောက်သည်ဆီက (၁၀၀)ဖိုး အပြည့်ယူပြီး ပြန်ပေးတော့
(၈၀)ဖိုး လောက်ဘဲ ပြန်ပေးချင်တယ်။ အလေး၊ အချိန်အတွယ်ပေါ်မှာ “ခိုး” မယ်။
ပစ္စည်းအရည်အသွေးပေါ်မှာ “ခိုး” မယ်။ အတု ကို အစစ်လို့ပြောရောင်းမယ်။ ဒီလို
မရိုးမသားနဲ့ မြိုးမြိုးမြတ်မြတ် ရတာလေးကိုဘဲ “ငါ စီးပွားရှာတာ သိပ်တော်တယ်
လို့” ထင်နေသေးတယ်။ လူတွေကလည်း ငတုံး ငအ တွေမှ မဟုတ်တာ။ တစ်ခါ နှစ်ခါတော့
ရမှာပေါ့။ ရေရှည်ကျတော့ ဖောက်သည်တွေ “လန်” ပြီး လုပ်ငန်းပြုတ်တာပါဘဲ။
အနောက်နိုင်ငံကြီးတစ်ခုရဲ့
စာရင်းပြုစုချက်အရ ဆိုရင် စီးပွားရေး လုပ်ငန်းသစ် (၁၀)ခုမှာ (၅) ခုဟာ ပထမ
(၂)နှစ် အတွင်း ပြုတ်သွားကြသည် တဲ့။ ကျန်(၃)ခုဟာ နောက်(၃)နှစ်မှ
(၅)နှစ်အတွင်း ထပ်ပြုတ်ကြသည် တဲ့။ နောက်ဆုံးကျန်တဲ့ (၂)ခုသည် သာ
အောင်မြင်စွာ ရပ်တည်နိုင်ကြသည် တဲ့။ ဒီစာရင်းဇယားဟာ သာမန်
ရိုးရိုးနှစ်ပိုင်းတွေထဲက သုတေသန ပြုချက်တွေနော်။ စီးပွားပျက်ကပ်ထဲမှာ
မဟုတ်ဘူး။ စီးပွားပျက်ကပ်နဲ့ ကြုံရင် နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့
ကုမ္ပဏီကြီး တွေတောင် ကသောင်းကနင်း ဖြစ်နိုင်ပါသေးတယ်။
ကဲ-
ကိုယ်ပိုင် စီးပွားရေး လုပ်ကြမည့်သူများအတွက် ကိုယ့် အလုပ်ဟာ
(၅)နှစ်မကျော်မခြင်း “စိတ်မချရသေးဘူး” လို့သာ အောက်မေ့လိုက်ကြပေတော့။
ဒီတော့ ဒီလို
ဝန်ထမ်းတွေ မကြာခဏ အလုပ်ပြုတ်ကြ၊ အလုပ်မပြုတ်ရင်လည်း ရာထူးလည်းမတက်၊
လစာလည်း မတက် ဖြစ်ကြ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူတွေမှာလည်း
စီးပွားဖြစ်လိုက်ကြ၊ တော်ကြာ ပြန်ပျက်လိုက်ကြ ဘာလို့ဖြစ်နေ ကြတာလည်း
ဆိုတာကို စာရင်းချကြည့်လိုက်တော့ “အကျိုးတရား” ကိုသာ “လောဘ” နဲ့
မျှော်ကိုးနေကြပြီး “အကြောင်းတရား” ကိုတော့ ခိုင်လုံ အောင်လုပ်ဖို့
ပျက်ကွက်ခဲ့ကြတာကို ကျွန်တော်သွားတွေ့ရပါတယ်။ (၁၉၉၈ခုနှစ် မတိုင်ခင်အထိ
ကျွန်တော်လည်း ဒီအထဲမှာ ပါခဲ့ပါတယ်။ နှယ်နှယ်ရရ မှတ်လားဗျာ။ အလုပ်
(၁၀)ခုလောက် ပြောင်းခဲ့သူပါ ခင်ဗျ။ ပြန်ပြောရတာ “ရှက်လည်း ရှက်ပါရဲ့ . . .
ရှက်လည်း မရှက်တော့ပါဘူး” ဆိုတာလို ဖြစ်နေပါပြီ။ သင်္ခန်းစာ
ယူကြစေချင်လို့ပါ။
ဒါကြောင့်
ကျွန်တော်ဟာ ဒီဆောင်းပါးကို စိတ်ကူးယဉ်ပြီး ရေးတယ်လို့ မထင်ကြပါနဲ့ဗျာ။
အင်မတန် ခါးသီးနာကျည်းစရာ ကောင်းလှတဲ့ စီးပွားပျက်မှုကြီးကို ခံစားခဲ့ရတဲ့
သူတစ်ယောက်က ကိုယ်တွေ့ရေးနေတာပါ။ ၁၉၉၈ ခုနှစ် နောက်ဆုံး စီးပွားပျက်
တဲ့အချိန်မှာ ရှိသမျှအကုန်ပေါင်နှံရောင်းချပြီး (အိမ်မငှားနိုင်တော့လို့)
ညီဝမ်းကွဲတစ်ယောက်ရဲ့ ဂိုဒေါင်ကြီးတစ်လုံး ထဲမှာ သွားနေရတဲ့အဖြစ်ပါ။
မျက်နှာလေး အောက်ချပြီး ဟိုဆွေမျိုးဆီ ပြေးပြီးပိုက်ဆံချေးရ၊ ဒီမိတ်ဆွေဆီ
ပြေးပြီး ပိုက်ဆံ ချေးရ နဲ့ မနက်စာ, ညစာ အတွက်တောင် ဒုက္ခရောက်ခဲ့ရပါတယ်။
ကျန်းမာရေးဖောက်လာတာတောင် ဆေးမကုနိုင်ခဲ့ပါဘူး။
ဒီအဖြစ်အပျက်တွေကို
မသိဘဲ ကျွန်တော်ရဲ့ လက်ရှိအခြေအနေကို ကြည့်ပြီး “ခင်ဗျားကတော့ တော်တော်
ကံကောင်း တဲ့လူပါဗျာ” လို့ ပြောနေတဲ့ မိတ်ဆွေ ဗေဒင်ဆရာတွေကို ကြည့်ပြီး
ကျွန်တော် ပြုံးမိတယ်။ သူတို့ ကျွန်တော့်လောက် ဒုက္ခမရောက်ဘူး သေးပါဘူး။
ဇနီးသည်ရယ်၊
လူမမယ် ကလေးက (၃)ယောက်ရဲ့ တာဝန်ရယ်သာ မရှိခဲ့ရင် လူ့ဘောင်ကို
အပြီးစွန့်ပြီး သာသနာ့ ဘောင်ကိုအပြီး ၀င်ဖြစ်သွားမယ် ထင်ပါတယ်။
သူတို့တာဝန်ကြောင့်သာ နောက်ဆုံး “အကြံကုန် ဂဠုန်ဆားချက်” ဆိုတာလို
ကိုယ်တတ်ထားတဲ့ ဗေဒင်ပညာလေးနဲ့ အသက်ဆက်ခဲ့ရတာပါ။ ကိုယ် မလုပ်ချင်ဆုံး
ဗေဒင်ဆရာ အလုပ်ကို လုပ်ခဲ့ ရသူပါ။
ဒီလို
(၁၃)နှစ်လုံးလုံး အမောဆို့အောင် ကုန်းရုန်းရှာလိုက်ရတဲ့အကျိုးကတော့
နောက်ဆုံး ကုန်းကောက်စရာ မရှိအောင် မွဲသွားတဲ့အဖြစ်ပါဘဲဗျာ။ ဒါကြောင့်
စီးပွားရှာရတာ စိတ်နာလွန်းလို့ “ထမင်းစားရရင် တော်ပါပြီ” ဆိုတဲ့စိတ်
ကလေးနဲ့ ဘ၀ကို ပြန်စ, ခဲ့ရတာပါ။ တကယ်လည်း ချမ်းသာချင်စိတ် မရှိခဲ့တော့တာပါ။
ပင်ပန်းလွန်းလို့ပါ။
အဲဒီလို
စိတ်ပိုင်းဖြတ်လိုက်တော့မှဘဲ “ကံတရားက ကျီစယ်လေသလား” အောက်မေ့ရတယ်။
အလုပ်အကိုင်က ဖြောင့်တန်း လာတော့တာဘဲကိုး။ ဖြစ်ရလေတယ်။ အစက သိမှ မသိခဲ့ဘဲ။
(၁၃)နှစ်လုံးလုံး ပင်ပန်းလိုက်တာဗျာ။
၁၉၉၈ခုနှစ်ကနေ
ပြန်ပြီး ဘ၀သစ် စ,ခဲ့ရတဲ့ ယခု(၁၂)နှစ်အတွင်းမှာတော့ အရမ်း
ကြီးပွားချင်စိတ်ဆိုတာ နောက်ထပ် မပေါ်လာ တော့သလို မရိုးမသားလည်း ဘာမှ
မလုပ်ခဲ့တော့ပါဘူး။ (စီးပွားရေးသမားဘ၀တုန်းက မရိုးမဖြောင့်လုပ်ခဲ့တာတွေ
ရှိတယ် ဆိုပေမယ့် အကျဉ်းအကျပ်ထဲကို ကျနေတဲ့အချိန်မှာ မလွှဲမရှောင်သာ
လုပ်ခဲ့ရတာမျိုးပါ။ ပင်ကိုယ်ဗီဇအရတော့ ညစ်ပတ် ကောက်ကျစ်တဲ့စိတ် မရှိရိုး
အမှန်ပါ)
လူတွေ
အထင်သေးတတ်တဲ့ ဗေဒင်ဆရာဘ၀ကို ရောက်ပြီးမှ နောက်ထပ်ပြီး အထင်သေး မခံရအောင်
အလွန်ဖြူစင် ဖြောင့်စင်းစွာနဲ့ အလုပ်လုပ်ခဲ့ပါတယ်။
ကိုယ့်ဖောက်သည်တွေအပေါ်မှာ စေတနာအပြည့်ထားပြီး အလုပ်ကို လုပ်ခဲ့ပါတယ်။
အလုပ်လုပ်ရာမှာ အမှားအယွင်းလေးတွေ ရှိကောင်းရှိနိုင်ပေမယ့်
မရိုးဖြောင့်တဲ့စိတ်နဲ့ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ (ကျွန်တော့်ဆီမှာ
တစ်ဆွေလုံး တစ်မျိုးလုံး နာမည်ပေးနေကြတဲ့ ဖောက်သည်တွေ ကျွန်တော့အကြောင်းကို
ကောင်းကောင်း သိကြပါတယ်)
ဒါကြောင့်
ချစ်လှစွာသော စာဖတ်သူ ညီအစ်ကို မောင်နှမများခင်ဗျား။ ကိုယ့်ရဲ့ ဘ၀လေးကို
သာယာဖြောင့်ဖြူးစေလိုတယ် ဆိုရင် အင်မတန် ဒုက္ခပေးတတ်တဲ့ “လောဘတရား” ကို
စွန့်လွှတ်လိုက်ကြပါတော့ခင်ဗျား။ ဘ၀ခရီးမှာ တစ်လျှောက်လုံး ထမ်းပိုး
လာခဲ့ရတဲ့ ဒီ လောဘ၀န်ထုပ်ကြီးကို ခင်တွယ်မနေတော့ဘဲ ပြတ်ပြတ်သားသား
ပစ်ချလိုက်ပြီး ၀န်ထုတ်မပါဘဲ လွတ်လပ် ပေါ့ပါးစွာ နဲ့ ဘ၀ခရီးကို
လျှောက်လှမ်းကြည့်ကြပါ။ ဘ၀ခရီးကို လျှောက်ရာမှာ အင်မတန် ပေါ့ပါးသွက်လက်
လာပါလိမ့်မယ်။
စီမံကိန်းတို့၊
ရည်မှန်းချက်တို့၊ ပန်းတိုင်တို့ဆိုတာလည်း လောဘတရားရဲ့ လက်အောက်ခံတွေပါ ။
အတူတူပါဘဲ။ လူတွေက တစ်သက်လုံး သူတို့ကို ထမ်းပိုးလာရတာ ကျင့်သားရနေတော့
လွှတ်ချရမှာကိုဘဲ သိပ်ခက်ခဲမယ် ထင်နေတတ်ကြပါတယ်။ သူတို့မရှိရင်
မဖြစ်နိုင်ဘူးလို့ ထင်နေတတ်ကြတယ်။ အနာဂါတ် ပျောက်သွားမှာပေါ့လို့ ထင်သူက
ထင်ကြတယ်။
တကယ်တော့
ဘယ်သူမှ အနာဂါတ်ကို မပိုင်ကြပါဘူး။ တစ်ချို့လူငယ်တွေက ကိုယ့်အနာဂါတ်ဟာ
ကိုယ့်လက်ထဲမှာ ရှိတယ်လို့ ကြုံးဝါးကြသေးတယ်။ ဘာမှမငြင်းလိုပါ။
ကျွန်တော်လည်း ကြုံးဝါးခဲ့ဘူးပါတယ်။ ကျွန်တော့လိုဘဲ အသက်က စကားပြော
လာတဲ့အချိန်မှာ အမှန်တရားကို သိလာ ပါလိမ့်မယ်။
ကျွန်တော်တို့
ပိုင်ဆိုင်တာ အခု လက်ရှိ ပစ္စုပ္ပန်တဲ့တဲ့ အချိန်ပါဘဲ ။ ဒီထက် ပိုပြီး
မပိုင်နိုင်ပါဘူး။ ကွေးသောလက် မဆန့်ခင် ဆိုတဲ့ စကားလို နောက်တစ်နာရီအတွင်း
မထင်တာတွေ အကုန်ဖြစ်နိုင်ပါတယ်။ နောက်တစ်နာရီအတွင်းမှာ ကမ္ဘာလည်း
ပျက်သွားနိုင်ပါတယ်။ ကိုယ့်ဘ၀ကို ကိုယ်ပိုင်တယ်၊ ကိုယ့်အနာဂါတ်ဟာ
ကိုယ့်လက်ထဲမှာ ရှိတယ်ဆိုရင် “ဆေးရုံတို့၊ သုသာန် တို့၊ မီးသင်္ဂြိုဟ်စက်”
ဆိုတာတွေ ရှိစရာ အကြောင်းမရှိပါဘူး။
ကိုယ့်ကိုယ်ကို
“မအို,အောင်၊ မနာ,အောင်၊ မသေ,အောင်” မလုပ်နိုင်ဘဲနဲ့ “ကိုယ့်ဘ၀ကို
ကိုယ်ပိုင်တယ်” ဆိုတဲ့စကားဟာ ပြောသင့်/မပြောသင့် ကိုယ့်ဟာကိုယ်သာ
စဉ်းစားကြည့်ကြပါတော့ဗျာ။
ဒီတော့အနာဂါတ်
ရည်မှန်းချက်၊ စီမံကိန်း၊ ပန်းတိုင် စတဲ့ မရေရာတဲ့
အနာဂါတ်အကျိုးတရားတွေထက် ၊ ရေရာတဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေကိုသာ “စေတနာ”
အပြည့်နဲ့ လုပ်လိုက်ကြရ အောင်လားဗျာ။ ပထမဆုံး လုပ်ရမှာက-
(၁) အနည်းဆုံး ကိုယ်ယူထားတဲ့ ပိုက်ဆံနဲ့ ညီမျှတဲ့ တန်ရာတန်ကြေးလေးကို စ, ပေးကြည့်ပါ။
(၂) ဒီထက် တတ်နိုင်ရင် “တန်ရာတန်ကြေး” အပေါ်မှာ “စေတနာ” ကို ထပ်ပေါင်းထည့်ပေးပါ။
(၃) ဒီထက် ပိုပြီး တတ်နိုင်သေးရင် ပိုက်ဆံမရတဲ့ စေတနာ့ဝန်ထမ်း အလုပ်တွေကိုပါ တွဲပြီး လုပ်ကြည့်ပါ။
ကိုယ်ကိုးကွယ်တဲ့ဘာသာ
မဟုတ်ပေမယ့် သဘောကျတာလေးတစ်ခုရှိလို့ ဖော်ပြခွင့်ပြုပါ။
“တမန်တော်မိုဟာမက်” က ပြောဖူးတယ်။ ကုသိုလ်ဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာကို
ပြုံးရွှင်လာအောင် လုပ်ခြင်း တဲ့။ သိပ်ကောင်းတဲ့ စကားလေးပါ။
နေ့တိုင်းနေ့တိုင်း ကိုယ်နဲ့ဆက်ဆံရနေတဲ့ လူတွေရဲ့ မျက်နှာကို
ပြုံးရွှင်လာအောင် စွမ်းဆောင်ကြည့်ပါ။ သူများကို စိတ်ချမ်းသာ အောင် လုပ်ရင်
ကိုယ်လည်း စိတ်ချမ်းသာမှုကို တန်ပြန် ခံစားရပါလိမ့်မယ်။
နေထိုင်မှု Life Style ပြောင်းလဲတာကလည်း ထင်သလောက် မခက်ပါဘူး။ Practice makes Perfect
ဆိုတဲ့ စကားလေးလို ပထမပိုင်းသာ အလေ့အကျင့်လုပ်ပေးရမှာပါ။
အလေ့အကျင့်များလာရင် သိပ်တောင် ကြိုးစားမနေရဘဲ လောဘကင်းကင်းနဲ့ ချမ်းသာစွာ
နေတတ်လာပါလိမ့်မယ်။
“လောဘ ကင်းစွာ
စေတနာ ဖြင့်
မျက်နှာ ပြုံးရွှင်
လူချစ်ခင် အောင်
နေထိုင် သွားက
ချမ်းသာ ရ ”
ဆိုတဲ့
(ကိုယ်တိုင်စပ်ဆိုထားတဲ့) ကဗျာလေးအတိုင်း ကျင့်သုံးသွားကြမယ်ဆိုရင်
သာယာဖြောင့်ဖြူးတဲ့ အနာဂါတ်ဟာ တောင့်တစရာ၊ ဆုတောင်းစရာ မလိုအောင်
ရရှိလာပါလိမ့်မယ်ဆိုတာကို (ကိုယ်တွေ့မို့) ယုံကြည်ကြပါလို့ တိုက်တွန်း
လိုက်ရပါသည် ခင်ဗျား။
ဘာမှ
ခက်ခက်ခဲခဲ လုပ်ရန် မလိုပါ။ ကိုယ့်စိတ်ထဲမှာ ကောင်းတယ်ထင်ပြီး တသက်လုံး
ထမ်းလာခဲ့တဲ့ “လောဘ”၀န်ထုပ်ကြီးကို လွှတ်ချခဲ့ပြီး သွက်လက်ပေါ့ပါးစွာနဲ့
ဘ၀ခရီးကို ဆက်လျှောက်သွားတာများ ဘာခက်လို့လဲဗျာ ။ ပြီးရင် ကိုယ်လုပ်နေကျ
အလုပ်တွေကို လုပ်မြဲအတိုင်း (လောဘ မပါဘဲ) လုပ်သွားဖို့ပါ။ ဒီမှာ “စေတနာ”
တို့၊ “အနစ်နာခံမှု” တို့ကိုပါ ပေါင်းထည့် ပေးနိုင်ရင်လည်း ထည့်ပေး။
မထည့်ပေးနိုင်လို့ ဒီတစ်ခုဘဲ လွှတ်ချခဲ့ရင်ကို ဟုတ်လှပြီ။
ဒါပေမယ့်
ထူးဆန်းတာတစ်ခုက ဒီလို “လောဘ” ကို စွန့်လွှတ်လိုက်ရင် “စေတနာ” တို့
“အနစ်နာခံမှု” တို့ဆိုတာ သူ့အလိုလို ၀င်လာတာမျိုးဗျ။ ဒီ “လောဘ” ဆိုတဲ့စိတ်က
“စိတ်ကောင်းမှန်သမျှ” ကို အကုန် ပိတ်ဆို့ထားတာကိုးဗျ။ လက်တွေ့ ကျင့်သုံး
ကြည့်ပါဗျာ။ သိပါလိမ့်မယ်။ ကနေ့ စ,လုပ်ကြည့်။ ကနေ့ စိတ်ချမ်းသာမှုကို စ,ပြီး
ခံစားရလိမ့်မယ်။ ဘ၀အဆင်ပြေမှုတို့ဘာတို့ ဆိုတာ နောက်ထား။ ပထမဆုံး ရလာမှာက
“စိတ်အေးချမ်းမှု ”၊ “ပေါ့ပါးသွားတာကို ခံစားရမှု” ပါ။
ဆောင်းပါးက
အတော်ရှည်နေပြီမို့ ခဏရပ်ရပါဦးမည်။ လေကြောရှည်သွားခြင်းကို ခွင့်လွှတ်ပါ။
ကျန်အပိုင်းများကို နောက်ရက် များမှာ ဆက်တိုက် တင်ပေးပါမည်။ ဒါပေမယ့်
ဒီလောက်သိပြီး၊ ဒီလောက်နဲ့ စ,လုပ်မယ် ဆိုရင်ဘဲ လုံလောက် နေပါပြီ။
ကျန် ဆောင်းပါးများကို ဆက်ဖတ်လိုလျှင်လည်း ဖတ်နိုင်ပါသည်။ အလုပ်မအား၍ မဖတ်နိုင်လျှင်လည်း ဒီမျှနှင့် ရနေပါပြီ။
.
ညီအစ်ကို မောင်နှမများအားလုံး သာယာချမ်းမြေ့သော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
မှတ်ချက်။ ။ ဘ၀အတွက် အကောင်းဆုံးယတြာ အပိုင်း (၁) (၂) (၃) (၄)များကို အောက်ပါ လင့်ခ်များမှ ဆက်လက်ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment