ငြိမ်းချမ်းရာ..ယုံကြည်ရာ..ကိုးကွယ်ရာ..ဖြစ်သောကျွန်တော်တို့ရဲ့ဗုဒ္ဒဘာသာ..ကိုဘာသာဝင်တိုင်းသိစေချင်သောစိတ်ထားဖြင့် သိရှိ..တွေ့ရှိသလောက်တင်ပြအပ်ပါသည်။...စိုင်းလေး

Sunday, September 9, 2012

ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ


မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော် သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။

၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်း ထားတယ်လို့ ပြောတယ် ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည် ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲ လို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။

၂။ တပည့်တော်တို့ဟာ သူတစ်ပါးအသက်သတ်ရင်တော့ အပြစ်ဖြစ်တယ်ဆိုပြီး ဘာဖြစ်လို့ အသားငါးကျတော့ စားကြတာလဲတဲ့၊ အသားငါးစားတာဟာလည်း သူတစ်ပါးအသက်သတ်သလို ဖြစ်မနေဘူးလားတဲ့။ ဒါနဲ့ တပည့်တော်က ကိုယ်တိုင်မသတ်ဘူး။ သူများရောင်းလို့ ၀ယ်စားတာ၊ ရောင်းတဲ့လူမရှိရင် မစားဘူးလို့ပြောတဲ့အခါ သူငယ်ချင်းက ၀ယ်စားတာဟာလည်း ရောင်းတဲ့လူသတ်အောင် အားပေးသလိုဖြစ်နေတဲ့အတွက် အပြစ်မဖြစ်ဘူးလားလို့ မေးပါတယ်ဘုရား။

၃။ ဗုဒ္ဓဘာသာဟာ ဘာကိုယုံကြည်ပါသလဲလို့ မေးပါတယ်ဘုရား။

၎။ ဗုဒ္ဓဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓဟာ လူတစ်ယောက်ဆိုရင် မင့်တို့က ဘာဖြစ်လို့ ရှိခိုးရိုသေပေးနေရတာလဲ၊ သူ့မှာ တန်ခိုးတွေ မရှိဘူးလား လို့ မေးပါတယ်ဘုရား။ ဒီမေးခွန်းတွေကို တပည့်တော်လည်း တက်နိုင်သလောက်တော့ ဖြေပေးပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော် တိတိကျကျမဖြေနိုင်တာတွေရှိတဲ့အတွက် အရှင်ဘုရားအနေနဲ့ ဖြေပေးဖို့ရန် တောင်းဆိုလိုက်ရခြင်း ဖြစ်ပါတယ်ဘုရား။

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ


မေးခွန်းရဲ့သဘောလေးကို ပိုပြီး ပြည့်စုံသွားအောင် ကြားဖူးတဲ့ သမ္မပ္ပဓာန်လေးပါးဘက်က လှည့်ပြောရအောင်ပါ။
သမ္မပ္ပဓာန်လေးပါး…
(၁)  ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖို့ အားထုတ်ရမယ်။
(၂)   မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ်။
(၃)   မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ်။
(၄)   ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီး တိုးပွားအောင် အားထုတ်ရမယ်။
…မြတ်စွာဘုရားက ဒီလေးပါးကို ပွားများ အားထုတ်ရမယ်လို့ ဟောကြားထားပါတယ်။ အောက်ကပဲ စပြောရအောင်ပါ။
(၄)   ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီး တိုးပွားအောင် အားထုတ်ပါတဲ့။
…ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီး တိုးပွားဖို့အတွက် ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေ ပြန်ပြီး အမှတ်ရနေမယ်၊ ဒါန သီလ ၀ိပဿနာတရားတွေ ဆက်ကာ ဆက်ကာ ပြုနေမယ်၊ ပွားနေမယ်ဆိုရင် ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုလို့ တိုးပွားနေတော့တာပါ။ ခက်လားဆိုတော့ မခက်ပါဘူး။
(၃)   မဖြစ်သေးတဲ့ ကုသိုလ်တွေဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်း မခက်ပါဘူး၊ မပြုဖူးသေးတဲ့ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေရုံပါ။ မခက်ပါဘူး။
(၂)   မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်း အကုသိုလ် မဖြစ်ရအောင် ကိုယ်နှုတ်စိတ်ကို အထူးစောင့်ထိန်းမယ်၊ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေမယ်ဆိုရင်လည်း အကုသိုလ်တွေ မဖြစ်အောင် အားထုတ်နေတာပါ။ မခက်ပါဘူး။
…ဒီသုံးပါးကတော့ မေးခွန်းမလိုဘဲ ကိုယ့်ဟာကိုယ်အဖြေက သိပြီးသားပါ။ ပထမသမ္မပ္ပဓာန်သာ မေးစရာဖြစ်နေတာပါ။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖို့ အားထုတ်ရမယ်တဲ့။ အကုသိုလ်က ဖြစ်ပြီးပြီ ပြုပြီးပြီးပဲ။ ဘာမှ လုပ်လို့မှ မရတော့တာ၊ ဒီတော့ ဖြစ်ပြီးတဲ့ ပြုပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ…..?

ဥပုသ်နေ့အကြောင်းနဲ့ ပတ်သတ်သမျှ သိကောင်းစရာများ အပိုင်း(၁)

မေး။ ။ အရှင်ဘုရား တပည့်တော်တစ်ခုလောက်မေးချင်လို့ပါဘုရား။ တပည့်တော်တို့ဆရာက မေးခိုင်းလို့ပါ။ ဥပုသ်နေ့ကို ဘာဖြစ်လို့ (၈)ရက်နေ့နဲ့ (၁၅)ရက်နေ့လို့ သတ်မှတ်ခဲ့တာလဲဆိုတာ သိချင်လို့ မေးခိုင်းလို့ပါဘုရား။  အရှင်ဘုရားအားတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်ဘုရား။

ဖြေ။ ။ ၀ါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။

ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ၀ါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။

ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့ စိတ်အစဉ်မှာ ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက် ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့်ထိန်းပြီး ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။

တရားဦး



ဒုတိယ၀ါဆိုလပြည့်နေ့၊
ကြာသာပတေးနေ့ (၂.၈.၂၀၁၂ )ရက်နေ့သည် ကျွန်မတို့ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့ရက်ကြီး တစ်ရက်ဖြစ်ပါသည်။
ဤသို့သော ဘာသာရေးဆိုင်ရာ နေ့ကြီးရက်ကြီးတွင် ကျွန်မ၏သူငယ်ချင်းများအတွက် ကြည်ညိုသဒ္ဓါ ပွားများစေမည့် ဗုဒ္ဓနှင့်ဆိုင်ရာ အကြောင်းအရာတစ်ခုခုအား တင်ပြပေးလိုပါသည်။

...မိုးရာသီပင်ဖြစ်သော်လည်း ကောင်းကင်တွင် မြူတိမ်ကင်းစင်လျက်ရှိ၏။ မိုးရာသီပန်းတို့ကလည်း အစွမ်းကုန်လန်းပွင့်နေကြဟန် ရှိသည်။ လေမိုးကင်းကွာ ဥတုသာယာလျက်ရှိသောကြောင့် သမင်ကလေးတို့လည်း ပြေးခုန်မြူးတူးလျက်ရှိကြသည်။

...မိဂဒါဝုန်တောသည် ယနေ့အဖို့ အခါတိုင်းနေ့များထက် သာယောင့်သာယာရှိလှပါဘိသည်။...ရသေ့တို့သည် ကမ္မဋ္ဌာန်းကျောင်းမှ ထွက်ကြသည့်အချိန်အခါတိုင်း ညနေခင်းများမှာဆိုလျှင် သတ်မှတ်ထားသောနေရာ၌ တွေ့ဆုံကြမြဲ၊ မိမိတို့အားထုတ်ခဲ့သော တရားဓမ္မကို ဆွေးနွေးကြမြဲ၊ ကိုယ်ရေးကိုယ်တာ သာကြောင်း နာကြောင်း ကျန်းမာရေးအခြေအနေကို မေးမြန်းကြမြဲဖြစ်သည်။
...လွန်ခဲ့သောတစ်ရက် နှစ်ရက်ခန့်ကမူ မိုးမစဲသောကြောင့် မတွေ့ဆုံ မဆွေးနွေးနိုင်ခဲ့ကြ။
ကိုယ့်သင်္ခမ်းနှင့်ကိုယ်သာ တရားအာရုံတွင် ထုံ၍နေကြရသည်။ ဤသည်မှာ မိုးရာသီတွင် ဖြစ်မြဲဓမ္မတာတည်း။

ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရား မကဲ့ရဲ့အောင်နေ

(ဆရာတော်ဦးဗုဓ်) …


…ဆရာတော်ဦးဗုဓ်ဆိုတာ ကုန်းဘောင်ခေတ် ဘကြီးတော် မင်းတရားနဲ့ နန်းမတော်မယ်နုတို့ လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ပါ။ နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းတဲ့ အုတ်ကျောင်းတော်ကြီးမှာ သီတင်းသုံးခဲ့လို့ မယ်နုအုတ်ကျောင်း ဆရာတော် လို့လည်း ခေါ်ကြပါတယ်။ ဆရာတော်ဦးဗုဓ် သီတင်းသုံးခဲ့တဲ့ မယ်နုအုတ်ကျောင်းတော်ကြီးဟာ အင်းဝမှာ ဒီနေ့အထိ တည်ရှိနေတုန်းပါ။
…ဆရာတော် ဦးဗုဓ်ဆိုတာ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးသမိုင်းမှာ စာအတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးက (လယ်တီဆရာတော်တို့ အပါအ၀င်ပေါ့) တညီတညွတ်တည်း အသိအမှတ် ပြုထားရတဲ့ ဆရာတော်ပါ။ ဒါကြောင့် ဗုဓ်အစ၊ ဗုဓ်အလယ်၊ ဗုဓ်အဆုံး ဆိုပြီး ဥဒါန်းစကား တွင်ရစ်ခဲ့တာပါ။
…အဲဒီဥဒါန်းစကားရဲ့ အဓိပ္ပါယ်က ဗုဓ်အစဆိုတာ ဗုဒ္ဓဘုရား၊ ဗုဓ်အလယ်ဆိုတာက အရှင်မဟာ ဗုဒ္ဓဃောသပါ။ အရှင်မဟာဗုဒ္ဓဃောသဆိုတာက သီရိဓမ္မာသောကမင်းပေါ်ပြီးနောက်ပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ထေရ်အရှင်ပါ။ ဘုရားဟောပါဠိတော်အားလုံးရဲ့ အဖွင့်ဖြစ်တဲ့ အဋ္ဌကထာတွေကို ရေးသားခဲ့ပါတယ်။ ဒီနေရာမှာ စကားစပ်လို့ ပြောရရင် ပါဠိတော်ရယ်၊ အဋ္ဌကထာရယ်၊ ဋီကာရယ်ကို ကွဲကွဲပြားပြား သိထားစေချင်ပါတယ်။
…ပါဠိတော်ဆိုတာ ဘုရားဟောခဲ့တဲ့ မူရင်းစကားတော်တွေကို ခေါ်တာပါ။ အဋ္ဌကထာဆိုတာ ဘုရားဟော ပါဠိတော်တွေကို ဥာဏ်နုသူတွေ လေ့လာကျက်မှတ်တဲ့အခါ မရှင်းမလင်းနဲ့ အခက်အခဲတွေ့မှာစိုးလို့  ပါဠိပုဒ် တစ်ပုဒ်ချင်းကို ဖွင့်ဆို အကျယ်ချဲ့ပြီး ရေးသားထားတဲ့ ကျမ်းစာပါ။ ဋီကာဆိုတာကတော့ အဲဒီ အဋ္ဌကထာကျမ်းကို တစ်ခါထပ်ပြီး ထပ်ဆင့်ဖွင့်ဆို ရေးသားတဲ့ကျမ်းစာပါ။ ဒီဋီကာကျမ်းကိုပဲ မရှင်းမှာစိုးလို့ဆိုပြီး ထပ်ဆင့်ဖွင့်ဆိုတဲ့ အနုဋီကာ၊ မဓုဋီကာဆိုတာတွေလဲ ရှိပါ သေးတယ်။ ဒါက ကျမ်းစာအမျိုးအစားတွေကို ခွဲခြားသိရအောင် ပြောပြတာပါ။
…အထက်က စကားပြန်ကောက်ရင် ဗုဓ်အဆုံးဆိုတာကတော့ ဆရာတော်ဦးဗုဓ်ပါပဲ။  ဆိုလိုရင်းကတော့ ဗုဒ္ဓမြတ်စွာရယ်၊ အရှင်မဟာဗုဒ္ဓဃောသရယ်၊ ဆရာတော်ဦးဗုဓ်ရယ် အဲဒီသုံးပါးဟာ ဗုဒ္ဓဘာသာ ပညာအရာမှာ ခေတ်ကာလအလျောက်ပေါ့ အတော်ဆုံး အတတ်ဆုံးပါတဲ့။
…ဆရာတော်ဦးဗုဓ်ဟာ မြန်မာပြည်မှာ စာအတတ်ဆုံးလို့ ဆိုကြတာကတော့ ဆရာတော်ရဲ့ နောက်ခံ သမိုင်းတစ်ခုတည်းကို ကြည့်ပြီး ပြောကြတာတော့ မဟုတ်ပါဘူး။ အဓိက ကတော့ ဆရာတော် ပြုစုခဲ့တဲ့ ကျမ်းစာတွေရဲ့ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာပါ။ ဒီနေရာမှာ ဆရာတော်ဦးဗုဓ်ရဲ့ စာပေစွမ်းရည်ကို အရင်မပြောခင် ဆရာတော်နဲ့ ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း အနည်းငယ် ပြောပြချင်ပါသေးတယ်။ ပထမဆုံးတွေ့ရတာက ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုပါ။ အထူးသဖြင့်ကတော့ နန်းမတော်မယ်နုပေါ့လေ။
...ဆရာတော်ဦးဗုဓ်ဟာ မင်းနဲ့ မိဖုရားနှစ်ပါး အထူးကိုးကွယ်တဲ့ ဆရာတော်ပါ။ ဒါပေမယ့် ဆရာတော်ဟာ မင်းနဲ့မိဖုရားနှစ်ပါးကို မျက်နှာသာ မပေးခဲ့ပါဘူး။ အကြောင်းတိုက်ဆိုင်လာလို့ ပြောစရာရှိရင်လဲ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ ခပ်ပြတ်ပြတ်သာ ပြောလေ့ရှိပါတယ်။ မျက်နှာသာ မပေးပုံကတော့ အုတ်ကျောင်းတော်ကြီးပေါ်ကို ရောက်ရောက်ချင်းပဲ ဇာတိပြတော့တာပါပဲ။ မင်းမိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကို ပင့်ပြီး အုတ်ကျောင်းတော်ကြီးကို ရေစက်ချ လှူဒါန်းပါတယ်။ အဲဒီကျောင်း ရေစက်ချပွဲမှာ ပရိသတ်ကလည်း စုံလှပါတယ်။ ရဟန်းပရိသတ်၊ လူပရိသတ်ပေါ့။ အဲဒီမှာ ရေစက်ချပြီးတော့ မင်းနဲ့မိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကိုသြ၀ါဒပေးဖို့ တောင်းပန်ပါတယ်။

လိုတိုရှင်း..ဗုဒ္ဓဘာသာ




ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့်မကောင်းသောသဘာဝတရားများကို ဟောကြားပေးခဲ့သည်။
သင်ကြားပေးခဲ့သည်။ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူး တင် သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။
မြတ်စွာဘုရားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့်ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။ လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကိုနိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလိုမြတ်စွာဘုရားကိုကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်



*** ကျောက်ထက်အက္ခရာတင်ပုံ…
…မင်းတုန်းမင်းကြီးက ဘုရားနှုတ်ကပါဌ်တော်တွေကို ကမ္ဘာတည် တာနဲ့အမျှ မပျောက်မပျက် တည်ရှိနေအောင် သာသနာပတဲ့အချိန်အထိ တည်စေဖို့ ကျောက်ပေါ်မှာ ရေးထိုးထားခဲ့ချင်တာဆိုတော့ ပိဋကတ်တော် ကျောက်စာဟာ အမှားအယွင်း ကင်းတဲ့မူ ဖြစ်ရမယ်။ ကင်းအောင်လည်း လူ့ လုံ့လ၊ လူ့ အစွမ်းနဲ့ ဖြစ်နိုင်တာကို အားလုံးလုပ်ဆောင်မယ်ဆိုပြီး ဆရာတော်၊ သံဃာတော်တွေနဲ့ စည်းဝေးတိုင်ပင်ပြီး သူ့ခေတ် သူ့အခါက ဖြစ်နိုင်တဲ့ အကောင်းဆုံးတွေကို ကြီးမားလှတဲ့စေတနာ၊ ပြည့်ဝတဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်သွားခဲ့ပါတယ်။
…ဗုဒ္ဓသာသနာတော် စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းနဲ့ ကာလများစွာ တည်ထွန်းရစ်စေချင်တယ်ဆိုတာ မင်းတုန်းမင်းကြီးရဲ့ ပကတူးက ဆန္ဒပဲ။ ဒါကြောင့် သူမင်းအဖြစ်ကို ရောက်လို့ ၄ နှစ်ပဲ ရှိသေးတယ်။ မန္တလေးမြို့ကို မတည်ရသေးဘူး။ ဘုရားဟောကြားတော်မူတဲ့ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်သုံးပုံဟာ မြန်မာမင်းအဆက်ဆက် ထပ်ကာထပ်ကာ လက်နဲ့ရေး ကူးလာခဲ့ကြတာမို့ ကူးပါများတော့ မှားတာတွေ ပါရှိနေလိမ့်မယ်။ သူတတ်နိုင်သလောက် မတိမ်းမယိမ်း မှန်ကန်သေချာအောင် လုပ်ဆောင် လိုတယ်ဆိုပြီး ပိဋကတ်သုံးပုံကို ၁၂၁၈ ခုနှစ်မှာ အသစ်တစ်ဖန် ရွှေရေး၊ မင်ရေး၊ ကညစ်ရေး ၃ မျိုး ၃ စားနဲ့ “ပေထက်အက္ခရာ” တင်တယ်လို့ ခေါ်တဲ့ ပေပေါ်မှာ ရေးကူးတာတွေ လုပ်စေပါတယ်။
…ဒီလို မတင်ခင် အမှန်ကန်ဆုံးဖြစ်အောင် “သာသနာပြုဆရာတော်ကြီး” လို့ခေါ်တဲ့ သာသနာပိုင်အမှူးပြုတဲ့ တံဆိပ်ရပိဋကတ်မ ဆရာတော် ၄ ပါး၊ စာကြည့်ဆရာတော် ၃၀၊ စာတည်းဆရာတော် ၅၀၊ ပရိယတ်တတ် သံဃာ ၅၀ တို့က ရေးကူးမယ့်စာတွေ မှန် မမှန် ၊ စေ့စပ် သေချာစွာ စစ်ဆေးကြည့်ကြတယ်။ မှန်ကန်ပြီဆိုမှ ပိဋကတ်တိုက်စိုး၊ သွေးသောက်ကြီး၊ တိုက်စောင့်၊ အကြပ်၊ အစုရေး၊ ပိဋကတ်ရေး စတဲ့ အမှုထမ်း ၁၀၀ ကျော်က ကညစ်နဲ့ စုတ်နဲ့ ရေးကြတယ်။
…ဒီလိုရေးနေခိုက်မှာ အမြဲမပြတ် ကြတ်မတ်ပြင်ဆင်ကြည့်ရှုဖို့…
(၁) ဒက္ခိဏာရာမ ဆရာတော်
(၂) စီးတော် မြင်းဝန်တိုက် ဆရာတော်
(၃) ဆီးဘန်းနီ ဆရာတော် တို့က တာဝန်ယူကြပြန်တယ်။