သမ္မပ္ပဓာန်လေးပါး…
(၁) ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖို့ အားထုတ်ရမယ်။
(၂) မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ်။
(၃) မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ်။
(၄) ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီး တိုးပွားအောင် အားထုတ်ရမယ်။
…မြတ်စွာဘုရားက ဒီလေးပါးကို ပွားများ အားထုတ်ရမယ်လို့ ဟောကြားထားပါတယ်။ အောက်ကပဲ စပြောရအောင်ပါ။
(၄) ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီး တိုးပွားအောင် အားထုတ်ပါတဲ့။
…ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီး တိုးပွားဖို့အတွက် ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေ ပြန်ပြီး အမှတ်ရနေမယ်၊ ဒါန သီလ ၀ိပဿနာတရားတွေ ဆက်ကာ ဆက်ကာ ပြုနေမယ်၊ ပွားနေမယ်ဆိုရင် ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုလို့ တိုးပွားနေတော့တာပါ။ ခက်လားဆိုတော့ မခက်ပါဘူး။
(၃) မဖြစ်သေးတဲ့ ကုသိုလ်တွေဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်း မခက်ပါဘူး၊ မပြုဖူးသေးတဲ့ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေရုံပါ။ မခက်ပါဘူး။
(၂) မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်ရမယ်တဲ့။ ဒါလည်း အကုသိုလ် မဖြစ်ရအောင် ကိုယ်နှုတ်စိတ်ကို အထူးစောင့်ထိန်းမယ်၊ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေမယ်ဆိုရင်လည်း အကုသိုလ်တွေ မဖြစ်အောင် အားထုတ်နေတာပါ။ မခက်ပါဘူး။
…ဒီသုံးပါးကတော့ မေးခွန်းမလိုဘဲ ကိုယ့်ဟာကိုယ်အဖြေက သိပြီးသားပါ။ ပထမသမ္မပ္ပဓာန်သာ မေးစရာဖြစ်နေတာပါ။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖို့ အားထုတ်ရမယ်တဲ့။ အကုသိုလ်က ဖြစ်ပြီးပြီ ပြုပြီးပြီးပဲ။ ဘာမှ လုပ်လို့မှ မရတော့တာ၊ ဒီတော့ ဖြစ်ပြီးတဲ့ ပြုပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ…..?
…အကုသိုလ်တစ်ခုဟာ ပြုပြီးသွားရင် ကံမြောက်သွားတော့တာပါ။ ကံမြောက်သွားရင် ကံက ကိုယ့်ကို ဧကန်မုချ မကောင်းကျိုးကို ပေးတော့မှာပါ။ ဒီတော့ အကုသိုလ်ကံ အကျိုးပေးမှုသတ္တိတွေ လျော့သွားအောင် ခေါင်းပါးသွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ…..?
…ဒါမေးသင့်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်အများစုဟာ အကုသိုလ်ကို တစ်ခုပဲဖြစ်ဖြစ်၊ တစ်ခုမကပဲ ဖြစ်ဖြစ် ပြုဖူးကြတာများပါတယ်။ ပြုပြီးလို့ သတိသံဝေဂ နောင်တရတဲ့အခါ သိပ်စိတ်ဆင်းရဲ ရတော့တာပါ။ ပြန်ပြန်တွေးမိတိုင်း နှလုံးမသာမယာဖြစ်ရတော့တာပါ။
…ပြုတုန်းကတော့ ခဏလေးရယ်ပါ။ ပြန်တွေးတိုင်း ခံစားရတာက အချိန်တွေ အများကြီးရယ်ပါ။ တချို့ အကုသိုလ်တွေဆို တစ်သက်စာ ဒဏ်ရာရသွားတဲ့အထိပါပဲ။ လိုရင်းပြန်ကောက်ရရင်တော့ ပြုပြီးတဲ့ အကုသိုလ် ကံအကျိုးပေးမှုသတ္တိတွေ လျော့သွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ…..? စာအတိုင်း တိုက်ရိုက်ပြန်ရင်တော့ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ဘယ်လိုပယ်မလဲ…..?
…မြတ်စွာဘုရားရှင် ဖြေကြားထားတဲ့ အဖြေတော်စကားကို ကျေးဇူးတော်ရှင် ဆရာတော်အရှင်ဇနကာဘိဝံသက သဂြိုဟ်ဘာသာဋီကာမှာ မြန်မာစကားပြေလှလှလေးနဲ့ ဖြေရေးပြ ထားပါတယ်။ ဆရာ့တော် စာသားလေးပဲ ဖတ်ကြည့်လိုက်ပါ။
…လောကီကုသိုလ်များ၏ ပယ်ရှားပုံကား “ငါသည် ပါဏာတိပါတမှုကို ပြုမိချေပြီ။ ထိုပါဏာတိပါတမှုကား မကောင်းဆိုးဝါးလှ၏။ ဤပါဏာတိပါတအမှုကို ပြုမိသည့်အတွက် နောက်တစ်ဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျှင် အကုသိုလ်တွေသာ ထပ်၍ တိုးပွားတော့မည်။ ပူပန်မှုကြောင့် ပြုမိတာလည်း မပြုရာရောက်အောင် မတတ်နိုင်” ၊ ဤသို့ ဆင်ခြင်ပြီးလျှင် ထိုပြုမိသော ပါဏာတိပါတမှုကို လုံးလုံးဂရုမပြုဘဲ ပယ်စွန့်လိုက်၏။ နောက်နောင်အခါလည်း ထိုပါဏာတိပါတမှု မဖြစ်ဖို့ရာ လွန်စွာရှောင်ကြဉ်၏။
...ဤသို့သောနည်းအားဖြင့် အားထုတ်သည်ရှိသော် ဖြစ်ပြီး ပါဏာတိပါတအမှုကိုလည်း ပယ်နိုင်၏။ ဖြစ်ပြီး ပါဏာတိပါတနှင့် အလားတူသော ပါဏာတိပါတကိုလည်း ပယ်စွန့်ရာရောက်၏။ (ဤနည်းကို မှတ်သားထိုက်၏။ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေးတော့ဘူးဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့်ရမည်မဟုတ်၊ ဆက်လက်အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏။)
(သဂြိုဟ်ဘာသာဋီကာ၊ နှာ - ၅၈၇၊ ၅၈၈)

…သင်္ခဓမသုတ်ရဲ့ အနှစ်ချုပ်ကတော့ မြတ်စွာဘုရားရှင် နာလန္ဒမြို့ သရက်ဥယျာဉ်မှာ သီတင်းသုံး နေတဲ့အချိန်မှာ နိဂဏ္ဌရဲ့ တပည့်တစ်ယောက် ရောက်လာပါတယ်။ မြတ်စွာဘုရားက “သင့်ဆရာ နိဂဏ္ဌက တပည့်တွေကို ဘယ်တရားဟောလဲ” လို့ မေးပါတယ်။ ဒီတော့ နိဂဏ္ဌရဲ့ တပည့်က “အသက်သတ်သူ မှန်သမျှ အပါယ်ကျ၏။ သူ့တစ်ပါး ဥစ္စာခိုးသူမှန်သမျှ အပါယ်ကျ၏။ ကာမတို့၌ မှားယွင်းသူမှန်သမျှ အပါယ်ကျ၏။ မုသားပြောသူမှန်သမျှ အပါယ်ကျ၏” လို့ ဟောပါတယ်လို့ ပြန်လျှောက်ပါတယ်။
…အသက်သတ်သူမှန်သမျှ အပါယ်ကျ၏ဆိုတဲ့ စကားမဟုတ်တဲ့အကြောင်း ပြုမိတဲ့မကောင်းမှုကံကို ပယ်ပုံအကြောင်းကို အမေးအဖြေနဲ့ ဟောပြထားတာပါ။ ဖြစ်ပြီးတဲ့အကုသိုလ်ကို ပြန်ပြန်တွေးပြီး နှလုံး မသာမယာဖြစ်နေရင် အကုသိုလ်ပဲ ထပ်ပွားနေတာပါ။ အတိတ်ကို မတွေးတော့ဘဲ ပစ္စပ္ပုန်တည့်တည့် ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ပြီး ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေဖို့ပါပဲ။
…ဒါဆို ပြုမိတဲ့ အကုသိုလ်ကံရဲ့ သတ္တိတွေ လျော့လျော့၊ ခွာခွာသွားပါလိမ့်မယ်။ ထင်ရှားတဲ့ ဇာတ်လမ်းဝတ္ထုတွေ အများကြီးရှိပါတယ်။ လတ်တလော ခေါင်းထဲပေါ်လာတာကတော့ ဇဋိလသူဌေးလောင်းဝတ္ထုပါ။
…သူက ကဿပဘုရားရှင်လက်ထက်မှာ ရွှေပန်းထိမ်သည်ပါ။ သဒ္ဓါတရားလည်း ကောင်းသူပါ။ တစ်နေ့တော့ ဇနီးလုပ်သူနဲ့ စကားများ ရန်ဖြစ်ကြပါတယ်။ ရန်ဖြစ်ပြီးစ ထိုင်နေဆဲမှာပဲ ရဟန္တာအရှင်မြတ်တစ်ပါးက ကဿပဘုရားရှင် စံတော်မူပြီး ဓာတုစေတီတည်တဲ့အခါ ရွှေလိုနေတဲ့ အတွက် ရွှေလိုနေကြောင်းသိလော့လို့ မိန့်ပါတယ်။ မိန်းမကို စိတ်ထဲက စိတ်ဆိုးနေတာဆိုတော့ “အရှင်ဘုရားရဲ့ ဘုရားရေထဲချပစ်လိုက်” လို့ ပြောပစ်လိုက်ပါတယ်။
…ဒီစကားသံကြားတော့ ဇနီးလုပ်သူက စိုးရိမ်ထိတ်လန့်သွားပြီး “ရှင်စိတ်ဆိုးချင်ရင် ကျွန်မကို ဆိုးပါ။ ဘာဖြစ်လို့ ဘုရားရှင်ကို ရန်လုပ်နေတာလဲ” လို့ သတိပေးလိုက်ပါတယ်။ ပါရမီပါခဲ့သူ၊ သတိရှိသူ ဆိုတော့ ချက်ချင်းပဲ အမှားကိုသိပြီး သံဝေဂဖြစ်သွားပါတယ်။ ရဟန္တာအရှင်မြတ်ကိုပဲ လက်အုပ်ချီပြီး “အရှင်ဘုရား…တပည့်တော်ကို ခွင့်လွှတ်သည်းခံပါဘုရား” လို့ လျှောက်ပါတယ်။ အရှင်မြတ်က “ဒကာ သင်က ငါ့ကို ပြစ်မှားတာ မဟုတ်ဘူး၊ ဘုရားရှင်ကို ပြစ်မှားတာ၊ ဘုရားရှင်ကိုပဲ ကန်တော့” လို့ မိန့်ပါတယ်။
…ကြောက်ကြောက်လန့်လန့်နဲ့ပဲ “ဘယ်လို ကန်တော့ရမလဲ” လို့ ထပ်မေးပါတယ်။ အရှင်မြတ်ကလည်း ရွှေပန်းအိုးသုံးအိုးလုပ်ပြီး ဓာတ်တော်အတွင်းမှာ ဌာပနာသွင်းပြီး ကန်တော့ဖို့ ဖြေကြားပါတယ်။ ဇဋိလသူဌေးလောင်းလည်း အရှင်မြတ်ပြောတဲ့အတိုင်း ကန်တော့ပါတယ်။ ဒီလို အကုသိုလ်မျိုးကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုပြီးနေသွား တော့တာပါ။
…တကယ်တော့ ဇဋိလသူဌေးလောင်းက သဒ္ဓါတရားကောင်းပြီးသား ပါရမီရှိပြီးသားပါ။ ဒါပေမယ့် မိန်းမနဲ့ ရန်ဖြစ်ထားတာဆိုတော့ စိတ်ဆိုးနေဆဲမို့ သတိလွတ်ပြောလိုက်မိတာပါ။ စိတ်ဆိုးနေပြီ ဒေါသထွက်နေပြီဆိုရင် အသိတရားက ပျောက်နေတော့တာပါ။ စိတ်ဆိုးနေတုန်း ပြောလိုက် ပြုလိုက်တာတွေဟာ အသိကင်းနေတဲ့အတွက် မှားတာများပါတယ်။ ဇဋိလသူဌေးလောင်းရဲ့ ဖြစ်စဉ်ကို ကြည့်ပြီး ကိုယ်စိတ်ဆိုးနေတုန်းလည်း စကားမပြောသင့်သလို သူတစ်ပါး စိတ်ဆိုးနေတုန်းလည်း သွားမပြောသင့်ပါဘူး။ စိတ်ဆိုးပြေမှ ပြောကြပြုကြတာတော့ အကောင်းဆုံးပါပဲ။
…ဇဋိလသူဌေးလောင်းဟာ အမှတ်တမဲ့ အသိမဲ့ပြီး ပြောလိုက်တဲ့ အကုသိုလ်ကံကြောင့်ပဲ ခုနှစ်ဘ၀ ရေမျှောခံခဲ့ရပါတယ်။ နောက်ဆုံး ဂေါတမဘုရားရှင်လက်ထက်မှာလည်း ရေမျှောခံခဲ့ရပါတယ်။ ဒါပေမယ့် ပါရမီပါခဲ့သူဆိုတော့ အသက်ကယ်မယ့်သူကတော့ ပေါ်ပေါ်လာခဲ့ပါတယ်။ တကယ်လို့သာ မကန်တော့ဘူး။ အရှင်မြတ်ကိုလည်း ဒေါသအလျောက် မချေမငံစကားတွေနဲ့ ထပ်ဆင့် ထပ်ဆင့် ပြစ်မှားလိုက်မယ်ဆိုရင်တော့ အပြစ်က ကြီးသထက် ကြီးသွားပါလိမ့်မယ်။
…ဒီနေရာမှာ အပြစ်ကို ပြုမိပေမယ့် အကုသိုလ်ကို အကုသိုလ်မှန်း သိသူရယ်၊ အကုသိုလ်ကို အကုသိုလ်မှန်း မသိသူရယ်ဆိုပြီး ကွာသွားတာပါ။ ဆိုင်ရာမဂ်တစ်ခုခု မရသေးသရွေ့တော့ ပုထုဇဉ် တစ်ယောက်ဟာ အချိန်တိုင်းမှားနိုင်ပါတယ်။ သတိရှိဖို့ သိပ်အရေးကြီးပါတယ်။
…ဇဋိလသူဌေးလောင်းရဲ့ ပြစ်မှားတဲ့အကုသိုလ်က ဘုရားရှင်နဲ့ ရဟန္တာအရှင်မြတ်ဆိုတဲ့ ဂုဏ်ကြီးသူဖြစ်နေလို့ပါ။ တခြားအကုသိုလ်တစ်ခုခုဆိုရင်တော့ အကုသိုလ်သတ္တိတွေက ဒီထက်မက လျော့ချင်လျော့သွားမှာပါ။
…ပုထုဇဉ်တစ်ယောက်ရဲ့ဘ၀ဟာ အချိန်မရွေး အကုသိုလ်ဖြစ်နိုင်တာဆိုတော့ တရားအသိက တော်တော်လေးရှိနေကာမှ တော်ကာကျတာပါ ဒီတရားအသိတွေရဖို့ စာဖတ်တာတို့ တရားနာတာတို့ကို အလုပ်တစ်ခုလိုကို လုပ်နေရမှာပါ။ တကယ်လို့ အကုသိုလ်ပြုခဲ့မိရင်လည်း အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ကုစားတတ်ဖို့ပါ။
…မထူးတော့ပါဘူးဆိုပြီး အကုသိုလ်တွေပဲ ဆက်ကာ ဆက်ကာ ပြုနေရင်တော့ ဘ၀က နစ်သထက် နစ်သွားပါလိမ့်မယ်။
ကဲ….. စာဖတ်သူ ဘ၀မှာ မလွှဲမရှောင်သာ အကုသိုလ်တစ်ခုကို ပြုမိတယ်ဆိုပါစို့။ ဒါဆိုရင် ပြုမိတဲ့ အကုသိုလ်ကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေသာ စုံနိုင်သမျှ စုံအောင် ဆက်ကာ ဆက်ကာသာ ပြုနေလိုက်ပါတော့။ ဒါဟာ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်လိုက်တာပါပဲ…..။
No comments:
Post a Comment